Monday, November 12, 2007

အမေ

ကြယ်ရောင်တွေကြည့်ဖို့
လင်းခွင့်ပေးတဲ့ရက်ရောမှုက
မင်းတစ်ဦးတည်း မဟုတ်ဘူး
သဘာဝတရားကြီးရေ…..
အဲဒါ အမေရဲ့ ချစ်ခြင်းမေတ္တာအလင်းနှစ်တွေလေ။ ။

တဖြောက်ဖြောက်နှင်းတွေအောက်
နွေးထွေးချိုမြ အိပ်မက်မက်ခွင့်ပေးသူက
နင်မှမဟုတ်ပဲ
သဘာဝတရားကြီးရယ်…..
အဲဒါ အမေရဲ့ ရင်ငွေ့ကြားက အနွေးဓါတ်တွေလေ။ ။

တိုးလျှိုးတောင်းပန် ခေါင်းငုံ့ခံ
မျက်ရည်တွေစိုဖို့ တခါတရံ
နင်ကျီစယ်တယ်မလား
သဘာဝတရားကြီးရာ…..
အဲ့မှာ အမေရဲ့ လက်ဝါးဒဏ် နင်ကောင်းကောင်းခံရတယ်လေ။ ။

အမေ့သွေး၊အမေ့သား၊အမေ့အား က
နင်နဲ့ပြိုင်ဖို့ (ငါ့အတွက်ဆိုရင်)
ဘယ်အရာနဲ့မှ
ညီမျှခြင်းထိုးလို့ မရဘူးတဲ့။ ။

ဒါပေမဲ့ နင်သိပါတယ်
သဘာဝတရားကြီးရယ်…..
အမေ့အတွက်ဆို
ငါကိုယ်တိုင်ကိုက
ညီမျှခြင်း မရေးတတ်နေခဲ့တာ။ ။

မေမေ့ (၅၂) နှစ်မြောက်မွေးနေ့ အမှတ်တရ

နေညိုရနံ့

0 comments: